ရေငုံနှုတ်ပိတ်
September 20,
2008
2008
မော်စကိုမြို့၏ ကျောင်းဆေးခန်းတစ်ခန်းတွင်...
ဒေါက်တာ။ ။ “နောက်တစ်ယောက်ဝင်ခဲ့ပါ။”
ဟု ဆေးခန်းအတွင်းမှ ခေါ်သံကြားလိုက်ရသဖြင့် ဆေးခန်းကဒ်နဲ့ ကျောင်းသားကဒ်လေး ကိုကိုင်ပြီး တစ်လောကလုံး၏လုပ်စာကို ထိုင်စားနေရသော မျက်နှာပေးဖြင့် ဆေးခန်းအတွင်း သို့ ၀င်သွားသည်။ ဆေးခန်းအတွင်းတွင် ဒေါက်တာမ (၂) ယောက်ထိုင်နေသည်။ အသက် ကြီးသည်ဟုထင်ရသော ဒေါက်တာက လူနာအား အကျီချွတ်ခိုင်းလိုက်သည်။ အကျီကြယ်သီး လေးကိုကိုင်ကာ လူနာက အူကြောင်ကြောင်ဖြစ်နေသည်။ အဘယ့်ကြောင့် အကျီချွတ်ခိုင်း သည်ကို နားမလည်သောကြောင့် ဒေါက်တာအား ပြန်မေးမည်အပြု
ဒေါက်တာ။ ။ “ချွတ်ပါ၊ ရဲရဲချွတ်ပါ။ ဘာမှမကြောက်ပါနဲ့”
ဟု ထပ်ပြောရာ လူနာက အကျီအပေါ်ကြယ်သီး ၂ လုံးကို ဖြုတ်လိုက်သည်။
လူနာ။ ။ “ဟုတ်ကဲ့.. ကျနော်.....”
ဟု စကားချီပြီး ဒေါက်တာကို ပြန်မော့ကြည့်မိတော့ အထက်ကအတိုင်း နှုတ်က ပြောယုံသာ မက ကိုယ်ဟန်အမူအရာနှင့်ပါ လုပ်ပြလေသည်။ နောက်တစ်ခါထပ်မေးရင်လည်း ဒေါက်တာ ကိုယ်တိုင် ဆွဲချွတ်တော့မည့်အနေအထားသို့ ရောက်နေသဖြင့် မထူးတော့ပြီမို့ အကျီကို တုန်တုန်ရင်ရင်ဖြင့် ကိုယ်ပေါ်မှ ချွတ်ချလိုက်လေသည်။ ကြီးမားကျယ်ပြန့်သော လူနာ၏ ရင်အုပ်ကို ဒေါက်တာမ (၂) ယောက် သေချာကြည့်လေသည်။ အသက်ကြီးသည်ဟုထင်ရ သော ဒေါက်တာက မျက်မှန်တပ်၍ပင် ကြည့်နေသေးသည်။ လူနာသည် ဒေါက်တာမ (၂) ယောက်၏ အမူအရာကို တဖြည်းဖြည်း ပို၍နားလည်ရခက်လာသည်။ ထို့နောက်
ဒေါက်တာ။ ။ “မတ်တပ်ရပ်ပြီး ဟိုဘက်ကိုလှည့်ပါ။”
အူကြောင်ကြောင်လူနာလည်း ဒေါက်တာဘက်သို့ပြန်လှည့်ကြည့်မိတော့ ဒေါက်တာမှ စကား မများနဲ့ ဟူသောအဓိပ္ပါယ်ဖြင့် ပါးစပ်ကို လက်ဖြင့်ပိတ်ပြသည်။ “ဘုရား ဘုရား ... ငါတော့ ရေတိမ်နစ်ပြီထင်ပါရဲ့” ဟု စိတ်ထဲတွင် ရေရွတ်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ ဒေါက်တာမ (၂) ယောက်အား ကျောပေး၍မတ်တပ်ရပ်လိုက်သည်။ ကျောပြင်ကို သေချာ ကြည့်ပြီးနောက်
ဒေါက်တာ။ ။ “ရပါပြီ.. ပြန်ထိုင်ပါ၊ အကျီပြန်ဝတ်ပါ။”
ဟု ပြောပြီး.. ဆေးခန်းစာရွက်တွင် ဒေါက်တာများနှင့် ဆေးရောင်းသူများသာ ဖတ်တတ်သော၊ ဆေးညွှန်းစာဟုထင်ရသော စကားဝှက်များကို ထုံးစံအတိုင်းရေးချသည်။ အားလုံးရေးပြီးသွား တော့ ထိုစာရွက်ကို လူနာအားကမ်းပေးလေသည်။ လူနာလည်း ဒေါသ အလိပ်လိပ်တက်ကာ ရှိသမျှအားအင်တို့ကို ခြစ်ခြုတ်၊ ညှစ်ထုတ်ပြီး ပြောလိုက်ပုံက
“ကျနော် ခြေထောက်နာနေလို့ပါခင်ဗျာ”
မှတ်ချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်ပင် ဖြစ်လေသတည်း။

This entry was posted
on Saturday, September 20, 2008
and is filed under
အမှတ်တရများ
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
9 ယောက်ရဲ့အမြင်