"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ဝဋ်လည်မှာစိုးတယ်  

စာရေးသူ >> အညာသား


ရင်ဆို့တယ်
မင်းစကားသံကြားရတာ
ဒါနဲ့များတောင်မှ
“ကိုယ်စိုက်ပျိုးသလောက်
ရိတ်သိမ်းရတယ်” တဲ့
စကားပုံအမှားကြီး
ငါစိုက်ပျိုးခဲ့တာ
(၁၅၀၀)ဧကတစ်ခုလုံး
ထွန်ယက်ကြဲခဲ့ရတဲ့ မေတ္တာတရားတွေ
ဖျန်းပက်ခဲ့ရတဲ့ နှလုံးသွေးတွေ
ကွင်းပြင်တစ်ခုလုံး စွေးစွေးနီလို့
တကယ်ရိတ်သိမ်းခဲ့ရတာ
တစ်ပင်တည်းပါကွယ်
“အချစ်ရေ...” တဲ့
ငါ့ရင်ခွင်တစ်ခုလုံး
မိုးသားတွေအုံ့မှိုင်း
မုန်တိုင်းထန်စေတဲ့ စကားလုံးပါပဲ
ရင်နာတယ်
မြတ်မြတ်နိုးနိုးပေးဆပ်ခဲ့ရတဲ့မေတ္တာ
ထားရှိခဲ့တဲ့အကြင်နာတွေအတွက်
ရရှိလိုက်တာ
“အားနာလို့” တဲ့လား
မချစ်ပါနဲ့ကွယ်
အားနာပါးနာမင်းချစ်နေမယ့်အစား
ရက်ရက်စက်စက်ထားခဲ့တာမှ
ငါဖြေသာပါအုံးမယ်
သွားပါတော့ကွယ်
ငါ့မျက်ရည်စက်တွေ
မင်းအတွက်ထပ်မကျချင်ဘူး
မင်းဝဋ်လည်မှာစိုးတယ်...။ ။

“သူငယ်ချင်းရဲ့ခံစားချက်လေးက ဒီကဗျာလေးဖြစ်သွားခဲ့တယ်”

This entry was posted on Wednesday, July 02, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

14 ယောက်ရဲ့အမြင်

ထိသွားပြီ။ ဘယ်နားလဲတော့ မသိဘူး... :P
စတာ... ရင်ဘတ်ထဲ တည့်တည့်ရောက်သွားလို့ :)၀ဋ်ဆိုတာ လည်တတ်တာပါပဲ။ ကြောက်တယ် :)

Anonymous  

အညာသားလုပ်ပြီး တယ်လဲညံသကိုးကွဲ... အဲဒါဘာဖြစ်လို့လဲသိလား.. ပိုးကျတာကွဲ့.. ပိုးသတ်ဆေးဖြန်းပေါ့ဆို... မရှိရင် ထုံးဖြူးလိုက်.. နောက်တစ်ခါကျ အထွက်တိုးအောင်.. ရွှေခြင်္သေ့ဝယ်တိုက်လိုက်... :P

အဲဒီသူငယ်ချင်းကို သိတော့သိနေသလိုပဲ...
ကဗျာစာသားတွေက မိုက်တယ်နော်...
လန်ထွက်နေတာပဲ...

Anonymous  

ကိုညာ...အရမ်းလည်တယ်ဗျို့  ခံစားချက် အမှန်တွေရေးပြီးရင် အောက်ဆုံးကျ လျှောချလိုက်ကော ဒီလိုရကြေးလား မောင်ညာလေးရယ် ၀န်ခံလိုက်စမ်းပါ :) ကဗျာလေးကတော့ ရေလည်လန်းတယ် နှလုံးသွေးတွေနဲ့  ပက်ဖျန်းတယ်ဆိုပါလား

အင်း ချစ်တယ်ဆိုတဲ့ စကားနဲ့လူသတ်တဲ့သူတွေမှာ မောင်မပါဘို့ဆုတောင်းပါတယ်...လို့အညာသားရဲ့ သူငယ်ချင်းကို ပြောပေးပါနော်....

ဝဋ်လည်မှာစိုးတဲ့ အထိ ချစ်သလားကွယ်

Good တယ်ဗျာ ။ ရေလည် လန်းတယ် ။
ကျွန်တော်လည်း အဲလိုပဲဗျ ကျွန်တော့် ကောင်မလေးကို
ဝဋ်လည်မှာ စိုးတယ် ။ သူ့ က ကျွန်တော့်ကို တခါတလေ အနိုင်ယူတယ်လေ ။ သူ့ ကို သူများက ပြန်အနိုင်ယူမှာ ကျွန်တော်စိုးတယ်လေ ။ ချစ်တာကိုးဗျ။ အဲဒါနဲ့  ကျွန်တော်ကပဲ သူ့ ကို ပြန်အနိုင်ယူ လိုက်တယ် ။
ဝဋ်လည်မှာ စိုးလို့ ပါ ။

ဝဋ်လည်မှာ တော့ စမိုင်းမေလည် ကြောက်တယ်

ဒါ အသစ်လေးပဲ ချစ်သူ ၀ဋ်လည်မှာ ကြောက်လို့ မငိုတော့ဘူးတဲ့

ညာနေပြန်ပြီ. ကိုယ်တိုင်ခံခဲ.ရတာမဟုတ်လား.

ရာသီဥတု ဖောက်ပြန်လို့  နေမှာပါ..။

ရင်ဆို့တယ်
မင်းစကားသံကြားရတာ

အဲဒါဆို voice မ On နဲ့ typing နဲ့ပဲပြော :P ဟိဟိ။စတာ။
ဂွတ်တယ်ဗျာ။

ဟုတ်တယ် ၀ဋ်ဆိုတာလည်တတ်တယ်ဗျ
"အားနာပါးနာမင်းချစ်နေမယ့်အစား
ရက်ရက်စက်စက်ထားခဲ့တာမှ
ငါဖြေသာပါအုံးမယ်"
စာသားကတော့ အခိုက်ဆုံးပဲဗျ
နောက်လဲလာပါဦးမယ်