"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ဒေါသ  

စာရေးသူ >> အညာသား


“ဂြီ…ဂြီ..”

ရထားပေါ်ရောက်မှ အိမ်သာတက်ချင်နေသည်။ မနေ့ညက အားရပါးရစားလာခဲ့တဲ့ ပဲဟင်းက ကောင်းကောင်းကြီးနှိပ်စက်နေလေပြီ။ ဒုက္ခတော့ရောက်ပြီ။ ပြန်ဆင်းဘို့လဲ အချိန်မမှီတော့။ ရထားက ဥသြရှည်ကြီးဆွဲကာ တရွေ့ရွေ့နှင့်ထွက်ခွါစပြုနေလေပြီ။ “ဘူတာရပ်နေစဉ် အသုံးမပြုရ” ဆိုသောကြောင့် စိတ်တိုတိုနှင့်အောင့်ထားရသည်။ ဘူတာနှင့်နည်းနည်းဝေးတော့ ခရီးဆောင်အိတ်ထဲက အသင့်ပါလာသော တစ်ရှုးစ အနည်းငယ်ဖြဲဆုတ်ကာ အိမ်သာဆီသို့ထွက်ခဲ့လေသည်။ အိမ်သာသို့သွားရာလမ်းတစ် လျှောက် ထမင်းသုတ်၊ ကွမ်းယာ၊ ဆေးလိပ်ရောင်းသော ဈေးသည်များ၊ ပစ္စည်းနေရာ ရွှေ့နေကြသူများနှင့် လမ်းပိတ်နေသည်။ အိမ်သာတက်ချင်နေသော သူ့အဘို့ အလွန်ပင် ဒေါသထွက်ရသည်။ လမ်းပိတ်နေသည်မို့ တော်တော်နှင့်သွားလို့မရသေး။ အောင့်ထားရ လွန်းလို့ မျက်ရည်တွေလည်ပြီး ကြက်သီးတဖျန်းဖျန်းထကာ ဇောချွေးများပင် ပြန်နေလေ သည်။ သည်းမခံနိုင်တော့တဲ့အဆုံး လမ်းပိတ်နေသောသူများကို အော်ဟစ်ပြောဆိုကာ အိမ်သာဆီသို့ ဇွတ်အတင်းထွက်ခဲ့ရသည်။ တစ်ချို့က နားမလည်စွာ၊ တစ်ချို့က အံ့သြစွာ၊ တစ်ချို့ကတော့ ရယ်ချင်နေသောမျက်နှာထားနှင့် သူ့ကိုကြည့်ကြသည်။ သူဂရုမစိုက်နိုင်။ သူ့ကိစ္စက အခြေအနေ တော်တော်ဆိုးနေပြီ။ အမြန်ဆုံးဖြေရှင်းမှ ဖြစ်တော့မည်။ မဟုတ်ရင် လက်ရှိအခြေအနေထက် ပိုဆိုးသွားနိုင်သည်။ အိမ်သာသို့အရောက် ခံစားနေရသောဒုက္ခဝေဒနာများ ကျွတ်လွတ်တော့မည် ဟု မျှော်လင့်ကာ အားရ၀မ်းသာနှင့် အိမ်သာတံခါးကို ဆွဲဖွင့်လိုက်တော့ ဖွင့်လို့မရ။ တံခါးခေါက် ကြည့်တော့ အထဲကလူက တံခါးပြန်ခေါက်သည်။ ဒုက္ခတော့ အကြီးအကျယ်ရောက်ပြီ။ ဟိုဘက် ထိပ်အိမ်သာဆီကို ပြန်သွားဘို့ကလဲ မပြီးနိုင်၊ မစီးနိုင် ပစ္စည်းရွှေ့နေသောသူများနှင့် ရထားပေါ် ရောင်းသော ဈေးသည်များကြောင့် လမ်းကပိတ်နေမြဲ။ ဗိုက်ကတော်တော်အောင့်နေပြီ။ လက်ကိုင် ပုဝါလေးထုတ်ကာ ချွေးသုတ်ရင်း ဒေါသစိတ်ကြောင့် အသက်ရှုသံတို့ပင် တုန်ရင်လို့ နေသည်။ ရှိသမျှအင်အားတွေ စုစည်းပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ကာ အိမ်သာတက်ချင်စိတ်ကို မနည်းထိန်းထားရသည်။ အိမ်သာတံခါးကို နောက်တစ်ကြိမ် ပြန်ခေါက်လိုက်တော့ အထဲမှလူက ပြီးခါနီးပြီဖြစ်ကြောင်း ပြန်ပြောသည်။

“ဒီလူကွာ… ဘူတာမထွက်ခင်ကတည်းကများ အိမ်သာတက်နေသလားမသိ။ စိတ်ဓာတ်အောက် တမ်းကျတဲ့သူပဲ။ တော်တော်စည်းကမ်းမရှိတဲ့သူပဲ။ ဈေးသည်တွေ ကလဲ သူတို့ကြောင့် ခရီးသည်တွေဒုက္ခရောက်ရတယ်။ ၀င်ငွေရတဲ့အလုပ်တွေ အများကြီး ရှိရက်နဲ့ ရထားပေါ်တက်ပြီးတော့ စည်းမရှိ၊ ကမ်းမရှိ ဈေးရောင်းရတယ်လို့” စသဖြင့် စိတ်ဒေါသကိုမထိန်းနိုင်ကာ ကြုံသမျှ ဘုံဘ၀မှာ၊ မြင်သမျှ ဘ၀င်မကျ စရာတွေချည်းသာ ဖြစ်နေတော့သည်။ ခဏနေတော့ အထဲကလူ ထွက်လာသည်။ “ပြီးသွားပါပြီ ခင်ဗျာ” ဟူသောအပြုံးဖြင့် သူ့ကိုနှုတ်ဆက်တော့ ဘ၀င်မကျသောမျက်နှာထားနှင့် တစ်ချက်လှည့် ကြည့်လိုက်သည်။ တံခါးကိုအတင်းဆွဲဖွင့်ပြီး အိမ်သာကြွေခွက်ပေါ်သို့ထိုင်ချ၊ မျက်လုံးမှိတ် ပြီး တင်းထားသောစိတ်တို့ကို လျှော့ချလိုက်သည်။

“…… …..”

တစ်ချိန်လုံး စိတ်တို၊ ဒေါသထွက်ခဲ့သမျှ အခုမှပဲပြေပျောက်တော့သည်။ ကိစ္စအ၀၀ ပြီးစီးသွား ပြီဖြစ်လို့ မျက်လုံးဖွင့်ပြီး ပါလာသောတစ်ရှုးလေးထုတ်ကာ သန့်စင်မည်အပြု သူ့မျက်လုံးရှေ့တည့်တည့် အိမ်သာတံခါးတွင် ရေးထားသောစာကြောင့် သူအံ့အားသင့်သွားသည်။

“မိတ်ဆွေ..ဘယ်ဘက်ကိုကြည့်လိုက်ပါ”။

စာကိုဖတ်ပြီး ချက်ချင်းဆိုသလိုပင် ဘယ်ဘက်ကို လှည့်ကြည့်လိုက်တော့…

“ညာဘက်ကို ကြည့်ပါ။”

ညာဘက်ကို ပြန်လှည့်ကြည့်လိုက်တော့

“သင့်ရဲ့ အနောက်ဘက်ကို ကြည့်လိုက်ပါအုံး” ဟုရေးထားသောကြောင့် အနောက်ဘက် ကို လှည့်ကြည့်လိုက်သည်။ အနောက်ဘက်တွင်လဲ

“အပေါ်ကို မော့ကြည့်လိုက်ပါ”

ဆိုတော့ အပေါ်ကို မော့ကြည့်မိသည်။ အပေါ်တွင် ရေးထားသောစာက

“လာကြပါအုံးဗျို့…. ဟိုကြည့်ဒီကြည့်နဲ့ အိမ်သာထဲမှာ အရူးကြီးတစ်ယောက် ရောက်နေတယ်”

ဟု ဖတ်လိုက်ရတော့ ဒေါသတစ်ထောင်းထောင်းထကာ တောက် တစ်ချက်ခေါက်လိုက်ပြီး လက်ထဲမှာကိုင်ထားသောတစ်ရှုးနှင့် အညစ်အကြေးတို့ကို သန့်စင်လိုက်တော့ ဒေါသစိတ် နှင့်အတူ တစ်ကိုယ်လုံး တုန်ရင်နေသဖြင့် တစ်ရှုးစလေးပြဲကာ သူ့လက်တွင် မစင်တွေပေကုန်သည်။ မစင်တွေပေသွားသောလက်ကို ခါယမ်းလိုက်တော့ သူ့လက်နှင့် အိမ်သာနံရံကို တိုက်မိသွားသောကြောင့် “အား..” ဟုအော်လိုက်ရင်း နှင့်တစ်ပြိုင်နက် နာကျင်နေသောလက်က သူ့ပါးစပ်ထဲသို့ ရောက်သွားသည်။

(မှတ်ချက်။ ။ကိုယ်တွေ့ဖြစ်ရပ်မဟုတ်ပါ။) biggrin

မိမိစိတ်ဒေါသကိုမထိန်းနိုင်လျှင် အမှားများစွာကိုကျူးလွန်မိသည့်အပြင် ဒေါသထွက်နေစဉ် စဉ်းစားဆုံးဖြတ်သမျှ၊ ပြုလုပ်သမျှ အရာအားလုံး၏ရလဒ်သည် ဆိုးကျိုးများသာ ဖြစ်ပေလိမ့်မည်။ ထိုဆိုးကျိုးများကြောင့် သင့်ဒေါသများ တစ်စထက်တစ်စ ပွါးများနေမည် သာဖြစ်သည်။ ကိုယ့်စိတ်ကိုဆင်းရဲအောင် ကိုယ်ကိုတိုင်ပဲအများဆုံးလုပ်နိုင်သလို အရာရာကိုမကျေမနပ်၊ ဘ၀င်မကျ ဖြစ်နေတဲ့သူဟာ ကိုယ့်စိတ်ကို ထောင်ချထားသလိုပါပဲ။ ကိုယ့်စိတ်ဒေါသကိုထိန်းနိုင်ရင် ငြိမ်းချမ်းနေမယ်၊ ပျော်ရွှင်နေမယ်၊ ကြည်လင်နေပါ လိမ့်မယ်။ စာဖတ်သူမိတ်ဆွေအပေါင်း ဘုံဘ၀မှာ ကြုံသမျှ၊ မြင်သမျှ ဘ၀င်မကျခြင်းမှ လွတ်ကင်းပြီး အေးချမ်းသောဘ၀ကိုပိုင်ဆိုင်ကာ စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ။

This entry was posted on Tuesday, May 27, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

7 ယောက်ရဲ့အမြင်

ကိုအညာသားရယ်
ပို့စ်ဖတ်ရင်း အသက်ရှုတောင်မောသွားတယ်
ဟုတ်ပ ဆင်ခြင်စရာတခုပဲ
ကျေးဇူး..

စမိုင်းမေလည်းတစ်ခါကြုံဖူးသေးတယ်
မြစ်ကြီးနားကို ကျောင်းတက်ဖို့ ရထားနဲ့ပြန်တော့
ရထားပေါ်မှာ ဒုက္ခရောက်လိုက်တာ
သင်္ကြန်တွင်းဆိုတော့ပိုဆို ခုံမရလို့ ဒီတိုင်းလိုက်စီးတဲ့သူတွေကို တွဲထည်းမှာအပြည့်
ကိုယ်က နောက်ဆုံးမှာထိုင်လည်း အိမ်သာကိုရောက်အောင်မနည်းသွားရတယ်
ဗိုက်ပြသနာတက်နေတော့ ပိုဆိုတယ်-
အိမ်သာထဲရောက်တော့ ပြသနက မပြီသေးဘူးအထဲကနေ
ဂျက်ချလို့ရဘူး လက်တစ်ဖက်က ကိုင်ထားရတယ်
ရထားယိမ်းတာနဲ့ တံခါက ဟသွားလို့ အပြင်ကလူတွေမမြင်ရအောင် လက်က တံခါးဂျက်ကိုလွတ်ရဲဘူး
မန္တလေး-မြစ်ကြီးနားရထားတွေ ရေမရတော့ တော်တော်ဆိုးတယ်

မိမိစိတ်ဒေါသကို မထိန်းနိုင်လျှင် အမှားများစွာကို ကျူးလွန်မိသည့်အပြင် ဒေါသထွက်နေစဉ် စဉ်းစားဆုံးဖြတ်သမျှ၊ ပြုလုပ်သမျှ အရာအားလုံး၏ ရလဒ်သည် ဆိုးကျိုးများသာဖြစ်ပေလိမ့်မည်။

မှတ်သားလွယ်အောင်ရေးတတ်တယ်ဗျ။

Anonymous  

ဘာမှကိုယ်တွေ့ ဖြစ်ရပ်မဟုတ်ပါဘူး လုပ်မနေနဲ့း) သိနေတယ် မပြောလဲ ဟားဟား ဒေါသမထွက်သင့်ဘူးဆိုပေမယ့်  သူနေရာမှာဆိုရင်တော့ ဒေါသထွက်မယ်ဗျ ဒီလိုကစ္စမျိုးဆိုတာက အင်မတန်နေရခက်ပြီး စိတ်ပျက်ဖွယ်ကောင်းတယ်လေ ဒါကြောင့် ကျနော်တို့ တော့ ခရီးသွားမယ်ဆို ဆေးသောက်ထားတယ်း) လမ်းမှာ အဲ့လိုဖြစ်မှာ စိုးလို့  ။

ကိုယ်တွေ့ ဖြစ်ရပ်မဟုတ်ပါဘူးပြောလဲ သိနေတယ်...,

It does made me laughs. Great thoughts.

Cheers.,
Soe Mya Nandar Thet Lwin

အာ......
ဒေါသ ဖတ်ပြီး ခင်လေးတောင်
ပဲဟင်းစားဖို့ လန့်သွားတယ်...
ဒေါသရဲ့ တရားခံက ပဲဟင်း....
ဟီးးးးးးး

Anonymous  

အင်း........ရယ်လဲရယ်ရတယ်။မှတ်သားစရာပဲ...
ဒါပေမယ့်အဲဒီအချိန်ဆိုရင်တော့ဒေါသထွက်မိမှာပဲ...
တော်တော်ခံရခက်တာကိုးဗျ........ဟား ဟား