"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ချစ်သူသိစေ  

စာရေးသူ >> အညာသား


ဘာကိုမှငါမလိုပါဘူးကွယ်
ကဗျာရယ် မင်းရယ်
ငါ့တဘ၀စာရှိမယ်ဆိုရင်ပေါ့
ငါဟာကဗျာတပုဒ်ဖြစ်တယ်
ချစ်သူရဲ့နှုတ်ခမ်းကလွဲရင်
ဘယ်အနမ်းကိုမှ ငါမလွမ်းဘူး
ချစ်သူရေ
ငါဆိုတဲ့ငါက
နင့်နှုတ်ခမ်းထက်မှာမှ
ရာရာစစ
ကြွေခချင်တဲ့နှင်းလေ
နင့်ရဲ့ခေါင်းတချက်အရမ်းမှာ
ပရမ်းပတာဘ၀ပျက်သွားမဲ့ငါပေါ့
`နင့်ကိုအရမ်းချစ်တယ်´
ဒီတစ်ခေတ်လုံးမှာ
ဘုရားဟောတာကလွဲရင်
အဲဒီစကားတခွန်းပဲငါယုံခဲ့ပါတယ်
နင်ပြောခဲ့တဲ့အဲဒီစကားနဲ့ပဲ
အရာရာကိုရင်ဆိုင်ရဲခဲ့ပါတယ်
ခုတော့လဲ
အချစ်ဆိုတာ
ချစ်နေခွင့်ရခြင်းလို့ ဘာသာပြန်ရင်း
နင်နဲ့ဝေးတဲ့ဘ၀မှာ
ငါနေသားတကျဖြစ်နေပါပြီ...။ ။

ဆက်လက်ဖတ်ရှုရန်...

သီချင်းလေးအတိုင်း  

စာရေးသူ >> အညာသား


`အရှိကိုအရှိတိုင်းသာ ဖွင့်ပြောမည်… မြင်မြင်ချင်း မင်းကို ချစ်သွားသည်.. ပိုင်ဆိုင်တဲ့အသည်းကို အရှုံပေးခဲ့ရာ.. ဒါ အချစ်ပဲလား စိတ်မှာ မော.. သည်..။ နားလည်မှုတံခါးတွေ ဖွင့်ထားသည်.. ကြင်နာစကားလေးတွေ မျက်ဝန်းဆီ… ပိုင်ရှင်မဲ့အချစ်ကို ပေးအပ်ခဲ့သည်… ကို မညာတော့ဘူး မင်းကိုချစ်..သည်…´
အညာသား။ ။ `ဟေ့ကောင်… သီချင်းကို တိုးတိုးသက်သာ ဖွင့်စမ်းပါကွာ..။ ဒီမှာ အိပ်လို့မရတော့ဘူး။´ တကယ့်ရွာသားပီပီ သီချင်းကို အကျယ်ကြီးဖွင့်ကာ နားထောင်တတ် သော စောမဏ္ဍိုင်အား ကျွန်ုပ်မှ ထဟောက်လိုက်သည်။
မဏ္ဍိုင်။ ။ `ဟကောင်.. နာရီကိုလဲ ကြည့်အုံးကွ၊ လူအိပ်ချိန်မဟုတ်တော့ဘူး´
အညာသား။ ။ `အေးကွာ… ငါလဲ ဘလော့တွေလိုက်လည်နေတာနဲ့ မိုးလင်းမှပဲ အိပ်ဖြစ်တယ်။´ နာရီကို ငုံ့ကြည့်တော့.. လက်မှာ နာရီမရှိ.. ခေါင်းအုံးအောက်တွင်လဲမရှိ၊ စားပွဲပေါ်မှာလဲမတွေ့။ `ဟေ့ကောင် ငါ့နာရီတွေ့မိသေးလား…´
မဏ္ဍိုင်။ ။ `ဟေ့ကောင် အိပ်ချင်မူးတူးနဲ့ လျှောက်မေးမနေနဲ့..။ မင်းကျန်စစ် ငါတို့ဆီလာ တဲ့နေ့က ချက်ကြွေးစရာမရှိလို့ဆိုပြီးတော့ မင်းနာရီ သွားပေါင်ထားတယ်ဆို..´
အညာသား။ ။ `အော်.. ဟုတ်သားပဲ။ အေးကွာ.. အရင်လအကြွေးတွေလည်းမဆပ်ရသေးတော့ ဆိုင်ကလဲ ငါတို့ဝယ်ရင် အကြွေးမရတော့ဘူးကွ၊ အဲဒါနဲ့ (၁၀)တန်းအောင်တဲ့နေ့က ကောက်ရထားတဲ့ ငါ့နာရီလေး သွားပေါင်လိုက်ရတယ်´
မဏ္ဍိုင်။ ။ `မင်းကျန်စစ်ကို ထမင်း၊ ဟင်း ချက်ကြွေးတာ၊ ဘီယာတိုက်တာတွေက မင်းနာရီပေါင်ထားတဲ့ ပိုက်ဆံနဲ့တောင် မလောက်ဘူးငါ့ကောင်´
အညာသား။ ။ `ဟေ… ဟုတ်လား´
မဏ္ဍိုင်။ ။ `ဟုတ်ပါ့ဗျာ.. ငါ့ ဂျင်းဘောင်းဘီ(၁)ထည်တောင် အဆစ်ပါသွားသေးသဗျ´
အညာသား။ ။ `အေးကွာ.. ငါတို့ဆီ လာလည်သမျှဧည့်သည်တွေထဲမှာ အဲဒီ `ကျန်စစ်´ ဆိုတဲ့ကောင် အဆိုးဆုံးပဲ..။ မနက်မိုးလင်းရင် ကော်ဖီမစ်လေးနဲ့မုန့်လေးနဲ့မှ၊ ဟင်းဆိုရင်လည်း.. အရည်သောက်လေးနဲ့မှ စားတတ်တယ်ဆိုပဲ။ ပြီးတော့ ဟိုဟာမစားရတာနဲ့ ဒီဟာမကြိုက်ရတာနဲ့၊ ထမင်းစားပြီးရင်လည်း အချိုရည်လေးက သောက်လိုက်ချင်သေးသဗျာ.. တော်တော်ကြီးကျယ်တဲ့ကောင်ကွာ.. သူ့အဖေနဲ့အမေကတောင် ငါတို့ကြွေးသလို ကြွေးမယ် မထင်ဘူး။
မဏ္ဍိုင်။ ။ `မင်းကလဲ သူ့ရှေ့မှာကျတော့ မပြောရဲပဲနဲ့´
အညာသား။ ။ `မပြောရဲလို့ မပြောတာမဟုတ်ဘူး ငါ့ကောင်ရေ…၊ လကုန်ခါနီးမှ အဲကောင်ဆီကို အလည်သွားအုံးမှာ.. ပြီးရင် အမြင်ကတ်အောင် စားပစ်၊ သောက်ပစ်လိုက်အုံးမယ်´
မဏ္ဍိုင်။ ။ `ဟကောင်.. လျှောက်ပြောမနေနဲ့၊ ငါတို့ သူ့ဆီသွားရင်လည်း ကိုယ့်ဖာသာကိုယ် ချက်စားရတာပဲ´
အညာသား။ ။ `အေး .. ဟုတ်သားပဲနော်၊ ကဲ.. ထားလိုက်ပါတော့ကွာ.. အခုလောလောဆယ် ဗိုက်ဖြည့်ဘို့ ဘယ်လိုလုပ်မကြတုန်း´
မဏ္ဍိုင်။ ။ `အဲဒီမှာ ခေါက်ဆွဲခြောက်ဖျော်ထားတယ်လေကွာ..၊ ငါကတော့ စားပြီးပြီ´
အညာသား။ ။ `ဟာကွာ မင်းကလည်း ခေါက်ဆွဲခြောက်ချည်းပဲ သောက်နေရတာ (၃)ရက်တောင်ရှိပြီ.. ထမင်း၊ဟင်းလေးဘာလေး ချက်ပါအုံးကွ´
မဏ္ဍိုင်။ ။ `အောင်မလေး .. ကိုရွှေအညာသားရယ်… ခင်ဗျားနဲ့ကျုပ်နဲ့ (၂)ယောက်တည်း စားတာတောင် အကြွေးတင်နေတာဗျာ… ဒီကြားထဲ ဟိုကောင် `ငကျန်´ က ကျုပ်တို့နာမည်ပေးပြီး အကြွေးယူသွားတာတွေကလဲ နည်းတာမဟုတ်ဘူး.. လကုန်ဘို့ (၁)ပတ်ပဲ ကျန်ပါတော့တယ်ကွာ… အကြွေးပေါ်အကြွေးဆင့်လို့ လူးမွေးလူရောင် မပြောင်ပဲနေပါ့မယ်ကိုယ့်လူ.. ဖြစ်သလိုပဲ စားလိုက်ရအောင်ပါ´
အညာသား။ ။ `အေးကွာ.. မင်းပြောတာမှန်တယ်… ရှိပါစေတော့လေ... ဖြစ်သလိုပဲ စားကြတာပေါ့။ မင်းဖွင့်ထားတဲ့ Nကိုင်ရာသီချင်းကို ခဏပိတ်ကွာ…၊ မင်းနဲ့ငါနဲ့ဖြစ်သလိုစားတဲ့အကြောင်း သီချင်းတစ်ပုဒ်လောက် ဟစ်လိုက်ရအောင်´
မဏ္ဍိုင်။ ။ `ငါးပိရည်ကို ရဲယိုရွက်နဲ့တို့ပြီး ဆွဲဆိုဆွဲမယ်.. မင်းကိုတော့မရဲသလိုပဲ.. တော်ပြီကွာ ဆားနဲ့ပဲစားမယ်…´
အညာသား။ ။ `ဟာ… မဟုတ်ဘူးကွ ခဏရပ်အုံး။ အဲဒါမဟုတ်ဘူးမဏ္ဍိုင်ရ.. Nကိုင်ရာရဲ့ `ကိုမညာတော့ဘူး´ ကိုပြောတာလေကွာ..´
မဏ္ဍိုင်။ ။ `အော်.. အေးအေး .. သိပြီ.. စ မယ်´
အညာသား~မဏ္ဍိုင်။ ။ `လကုန်ဖို့ ၁ ပတ်သာ.. လိုတော့..သည်..။ အိမ်မှာလည်း စားစရာ တကယ်မရှိပြီ… ငါပိုင်တဲ့အကြွေးတွေ များလွန်းလှသည်… ဒါ ဘ၀ပဲလား စိတ်မှာ မော.. သည်…။ လကုန်ရက်ကျရင်… လာတောင်း..မည်… ဘယ်မှာပုန်းရမယ်.. ငါမသိပြီ… ငါပိုင်တဲ့အကြွေးတွေ.. ဆပ်ရတော့မည်.. .. ဒီနေ့လဲ.. ဖြစ်သလိုစား…….မည်..။´

ပီအက်စ်။ ။ ချင်းမလေးTAG ထားတဲ့ `ဖြစ်သလိုစားခြင်း´ ပါ။ ချင်းမလေးရေ.. ကျုပ်လဲ စာမေးပွဲရှိနေလို့ အခုမှရေးဖြစ်သဗျာ။ ရေးတာနောက်ကျသွားလို့ စိတ်ဆိုးနဲ့နော်.. mrgreen

ဆက်လက်ဖတ်ရှုရန်...

အပြောင်းအလဲ  

စာရေးသူ >> အညာသား


ကျော်ကြီး။ ။`အဲဒါပဲဗျာ အဲဒါပဲ.. လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးဆိုတာ… ဖူးစမ်း အားရပါးရကြီး ၀အောင်ဖူးလိုက်စမ်းပါ သူငယ်ချင်းရာ..။ မင်းက အခုမှ ဖူးဘူးတာမဟုတ်လား ဖူးစမ်း သူငယ်ချင်း..´
သာဝ။ ။ `အာ… တီဗွီထဲမှာတော့ ခဏခဏဖူးဘူးပါတယ်ကွာ… အေး.. အပြင်မှာတော့ မင်းပြော သလို အခုမှဖူးဘူးတယ်ဆိုပါတော့´
ကျော်ကြီး။ ။ `အင်းကွာ… ငါလဲ ရွာကို ပြန်မရောက်တာကြာပြီဆိုတော့ ရွာရဲ့သတင်းလေး ဘာလေး ဘာမှမကြားရဘူးဖြစ်နေတယ်၊ တို့ရွာမှာရော ဘာတွေပြောင်းလဲကုန်ပြီတုန်းကွ´
သာဝ။ ။ `ဘာမှ ထူးထူးခြားခြား မပြောင်းလဲပါဘူး´
ကျော်ကြီး။ ။ `ရွာက ဘာမှမပြောင်းလဲဘူးဆိုတော့ နေပါအုံး.. ငါတို့အိမ်ရော ဘာတွေပြောင်းလဲ ကုန်ပြီတုန်းကွ´
သာဝ။ ။ `ဘာမှ မပြောင်းလဲပါဘူး၊ အဲ.. ဒါပေမယ့် မင်းမွေးထားတဲ့ကြောင်လေးတော့ သေသွားပြီကွ´
ကျော်ကြီး။ ။ `ကြောင်လေးသေသွားပြီ၊ ဟာ… အဲဒီကြောင်လေးက အရမ်းလိမ္မာတာကွာ၊ ဘာဖြစ်လို့ သေသွားရတာတုန်း´
သာဝ။ ။ `မင်းအဖေနဲ့မင်းအစ်ကို စကားများကြတယ်လေ၊ စကားများပြီး မင်းအစ်ကိုက အရက်မူးမူးနဲ့ စပါးကျည်ကိုမီးရှို့လိုက်တာ မင်းကြောင်လေးပါ ပါသွားတယ်လေကွာ´
ကျော်ကြီး။ ။ `ဟာ.. စပါးကျည်ကို မီးနဲ့ရှို့တယ်၊ နေစမ်းပါအုံး စပါးကျည်ကို မီးနဲ့ရှို့ရ လောက်အောင် အဖေနဲ့ငါ့အစ်ကိုက ဘာအတွက်နဲ့ စကားများကြတာတုန်းကွ´
သာဝ။ ။ `ဘာရယ်လို့တော့ မဟုတ်ပါဘူးကွာ... မင်းညီမလေး အရက်သမားထွန်းနိုင်နဲ့ လိုက်ပြေးတဲ့ကိစ္စ´
ကျော်ကြီး။ ။ `ဘာ… ငါ့ညီမ လင်နောက်လိုက်သွားပြီ၊ နေစမ်းပါအုံး ညီမလေး လင်နောက်လိုက်သွားတဲ့ကိစ္စကို အမေက ဘာမှဝင်မပြောဘူးလားဟင်´
သာဝ။ ။ `မင်းအမေက ဘာမှ ၀င်ပြောလို့မရတော့ဘူးလေကွာ´
ကျော်ကြီး။ ။ `ပြောလို့မရတော့ဘူးဆိုတော့ နေစမ်းပါအုံး သူတို့က အမေ့စကားကို နားမ ထောင်ကြတာလား.. ဘယ်လိုဖြစ်တာတုန်း´
သာဝ။ ။ `အဲဒီလိုလဲမဟုတ်သေးဘူးကွ.. မင်းတို့ စပါးကျည်ကြီး မီးလောင်တော့ မင်းတို့အိမ်လဲ မီးထဲပါသွားတယ်လေ… မင်းအမေပါ တစ်ခါတည်းပါသွားတာ´
ကျော်ကြီး။ ။ `အောင်မလေးဗျာ.. အမေပါသွားတယ်၊ ဒါဆို ငါ့အမေသေပြီပေါ့၊ အောင်မလေး အမေရယ်… အမေရဲ့.. အမေသေတာတောင် သားမသိလိုက်ရပါလားအမေရယ်… အဟီးးးးး အဟင့် အဟင့်၊ မင်းကလဲကွာ ငါ့အမေတစ်ယောက်လုံးသေတာတောင် ထူးထူးခြားခြား ဘာမှမဖြစ်ဘူးလို့ မင်းမို့လို့ပြောရက်တယ်.. အံ့သြပါရဲ့။ ကဲ.. ထားလိုက်ပါတော့.. ဒါဆိုရင် ငါ့အဖေနဲ့အစ်ကိုက ဘယ်မှာနေကြလဲဟင်´
သာဝ။ ။ `မင်းအစ်ကိုကတော့ မီးရှို့မှုနဲ့ထောင်ကျသွားတယ်´
ကျော်ကြီး။ ။ `ဟင်…..´
သာဝ။ ။ `မင်းအဖေကတော့ အဲဒီစိတ်နဲ့ပဲ ရူးနေတယ်…´
ကျော်ကြီး။ ။ `အောင်မလေးဗျာ… အောင်မလေး… အမေက သေတယ်၊ အဖေက ရူးနေတယ်၊ အစ်ကိုက ထောင်ကျနေတယ်၊ ညီမလေးက အရက်သမားနောက်ပါသွားတယ်… အဲဒါကိုများ ဘာမှထူးထူးခြားခြားမဖြစ်ပါဘူးလို့ မင်းမလို့ပြောရက်တယ်။ အဲဒါ ပုံမှန်အခြေအနေ ဖြစ်မလားကွ..´
သာဝ။ ။ `စိတ်ကို တည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာ၊ ဒါဟာ လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေပါ´
ကျော်ကြီး။ ။ `အောင်မလေး မလေး… တည်ငြိမ်နေလိုက်တာ၊ ရင့်ကျက်နေလိုက်တာ၊ တရားတွေပေါက်နေတဲ့ တရားရှင်ကြီး အဟီးဟီး… အဟင့် အဟင့်… ရှလွတ်။ မင်း ခံနိုင်ရည်ရှိပေမယ့် ငါခံနိုင်ရည်မရှိသေးဘူး သူငယ်ချင်းရယ်... ငါ့ရင်ထဲမှာပူနေပြီ အဟင့် အဟင့်။ ကဲ.. ပြောစမ်းပါအုံး .. ဒါဆိုရင် ငါ့ညီလေးတွေ ငါ့ညီမလေးတွေရောဟင်.. ဘယ်လိုနေထိုင်စားသောက်ကြတုန်းကွာ´
သာဝ။ ။ `သူတို့ကတော့ အေးအေးဆေးဆေးပါပဲ´
ကျော်ကြီး။ ။ `အောင်မလေး တော်ပါသေးရဲ့၊ အရီးလေးတို့က ခေါ်ပြီးမွေးစားထားလိုက် တယ်မဟုတ်လား´
သာဝ။ ။ `အဲဒီလိုလဲ မဟုတ်သေးဘူးကွ´
ကျော်ကြီး။ ။ `ဟင်.. အဲလိုမဟုတ်တော့ ဘယ်လိုဖြစ်ပြန်ပြီတုန်း ပြောပါအုံးကွာ…´
သာဝ။ ။ `သူတို့အတွက်က ဘာမှပူစရာမလိုပါဘူးကွာ စိတ်အေးအေးထားစမ်းပါ´
ကျော်ကြီး။ ။ `အော်… အေး… အေးကွာ.. ငါ စိတ်အေးအေးထားလိုက်တော့မယ်နော်´
သာဝ။ ။ `ထားလိုက်စမ်းပါ သူငယ်ချင်းရာ´
ကျော်ကြီး။ ။ `တော်သေးတာပေါ့ကွာ... အခုမှပဲ ရင်ထဲမှာ အေးသွားတော့တယ်ကွာ… ပြောစမ်းပါအုံး…´
သာဝ။ ။ `သူတို့ကို တစ်ရွာလုံးက သနားနေတော့…´
ကျော်ကြီး။ ။ `အေးပေါ့…´
သာဝ။ ။ `သူတို့ကလည်း ရွာထဲမှာ လှည့်ပတ်တောင်းရမ်းစားသောက်တော့ ရွာထဲက ထမင်းကျန်၊ ဟင်းကျန်လေးတွေ ပေးလိုက်ကြတာပါပဲကွာ…´

ဇာတ်လမ်းထဲက ဟာသလေးပါ။ biggrin


ဆက်လက်ဖတ်ရှုရန်...

ငါ့ကဗျာ  

စာရေးသူ >> အညာသား


အလွမ်းက ပင်လယ် ဆိုရင်
မှောက်ခဲ့တဲ့လှေငယ်ဟာ င့ါနှလုံးသားပေါ့
ပျောက်ဆုံးသွားတဲ့ ဆုံမှတ်တစ်ခုက
အခုထိေ၀၀ါးနေတုန်းပဲ
တကယ်တော့ နင်ဟာငါ့ရဲ့အသက်ပါ
ငါမပိုင်တဲ့ ဒုတိယအသက်ပေါ့ကွယ်
ငါ့မနက်ခင်းတိုင်းရဲ့ အာရုဏ်ဦး
ငါ့အိပ်မက်ပေါင်းများစွာရဲ့ ပန်းတိုင်
လှေမှောက်ခဲ့ပေမယ့်
ရွက်မကျိုးသေးပါဘူး…။
အသဲကွဲတယ်ဆိုတာ
ငါ့အတွက် ကဗျာတစ်ပုဒ်မွေးဖွါးခြင်း
နင့်နင့်သီးသီးချစ်ခဲ့ပေမယ့်
နင့်အတွက်က မခံစားတတ်ခြင်း
မညီမျှခြင်းတွေနဲ့ ဘောင်ခတ်နေတဲ့
မင်းနဲ့ ငါ့ကြားမှာ
မှားယွင်းစွာသန္ဓေတည်ခဲ့တာ “အချစ်” ပေါ့
မင်းအတွက်ကြောင့်
ငါ့ကိုယ်ငါ သတ်မသေပါဘူး
ငါ့ဘ၀မှာ ပျက်နေတဲ့ရင်ဘတ်နဲ့
အသက်ဆက်ရှင်နေတယ်
ဒါပေမယ့် နင်စွန့်ပစ်ခဲ့တဲ့ဘဝ
ဘယ်လောက်ထိ ကျိုးကျနေသလဲသိချင်ရင်
တစ်ချက်လောက်လှည့်ကြည့်လိုက်ပါ
နှလုံးသားမှာ
တစ်စစီ စုတ်ပျက်နေတဲ့
အခန်းလေးခန်းတွေ့ရမယ်
နင်ပျော်နိုင်ပါစေကွယ်…။ ။

(သယ်ရင်းတစ်ယောက်ရဲ့ခံစားချက်ပါ)

ဆက်လက်ဖတ်ရှုရန်...

အသက်ရှင်ခြင်း  

စာရေးသူ >> အညာသား


တစ်ခါက ရွာတစ်ရွာမှာ ချမ်းသာကြွယ်ဝယုံသာမက အပေးအကမ်းရက်ရောပြီး အလွန်ရိုးသား သော လူရွယ်တစ်ယောက်ရှိသတဲ့။ ဆွေးမျိုးမရှိသည့်အပြင် လူပျိုလူလွတ်တစ်ယောက် ဖြစ်တာကြောင့် သူပိုင်တဲ့ ပစ္စည်းဥစ္စာတို့ကို စိတ်ချယုံကြည်စွာ ထိန်းသိမ်းပေးမယ့်သူ မရှိဘူးဖြစ်နေတာပေါ့။ ဒါကို သိကြားမင်းကြီးသိလေတော့ နတ်သမီးတမျှ ချောမောလှပသော မိန်းမပျိုတစ်ယောက်ကို ဖန်ဆင်းလိုက်ပြီး ထိုလူရွယ်ဆီသို့ ပို့ပေးလိုက်သတဲ့။ မိန်းမပျိုနှင့်အတူ အိုးလေးတစ်လုံးကိုပါ ပေးလိုက်ပြီး ၄င်းအိုးအားမဖွင့်ရန် အတန်တန်မှာကြားလိုက်တယ်။ အတိုခြုံးပြောရရင် ရိုးသားတဲ့လူရွယ်လေးရဲ့ ပစ္စည်းဥစ္စာတို့ကို မိန်းမပျိုလေးမှ ထိန်းသိမ်း စောင့်ရှောက်ပေးသတဲ့။ သိကြားမင်းကြီးပေးလိုက်တဲ့အိုးလေးကို လူရွယ်လေးက ဖွင့်ကြည့်ဘို့ ကြိုးစားတယ်။ ဒါကို မိန်းမပျိုလေးကမြင်တော့ ၄င်းအိုးအား လုံးဝမဖွင့်ရန် ပြောသတဲ့။ လူငယ်က အဘယ်ကြောင့်နည်းဟု မေးလတ်သော် မိန်းမပျိုလေးက ၄င်းအိုးအတွင်းမှ အရာအားလုံး ထွက်ကျသွားရင် လူ၊ သတ္တ၀ါအားလုံး ကွယ်လွန်အနိစ္စရောက်ရလိမ့်မယ် လို့ ပြောသတဲ့။ မိန်းမပျိုလေးရဲ့ စကားကို မယုံနိုင်သော လူရွယ်လေးက အိုးကို အတင်းဆွဲဖွင့်လိုက်တော့ “စိုးရိမ်ပူပန်ခြင်း၊ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း၊ ယုံကြည်ခြင်း၊ သစ္စာရှိခြင်း… စ,တာတွေ အားလုံး အိုးလေးထဲက ထွက်ကျကုန်သတဲ့။ မိန်းမပျိုလေးက လူရွယ်ထံသို့ပြေးလာပြီး အိုးလေးကို အလျှင်အမြန် ပိတ်လိုက်သတဲ့။ အိုးလေးထဲမှာ “မျှော်လင့်ခြင်း” တစ်ခုပဲ ကျန်ခဲ့သတဲ့။
ပီအက်စ်။ ။(၁၀)တန်းနှစ်က ကျနော့်ဆရာပြောပြခဲ့သော ဘယ်တော့မှမမေ့နိုင်တဲ့ အသက်ရှင်ခြင်း ပါ။

ဆက်လက်ဖတ်ရှုရန်...