အဖေမရှိ၊ အမေမရှိ၊ ဆွေမျိုးကင်းမဲ့ပြီး ငယ်စဉ်ကတည်းက ယခုအရွယ်အထိ တစ်ကောင် ကြွက်ဘ၀နှင့် အကျည်းတန်ခက်ထန်စွာ ဖြတ်သန်းခဲ့သော်လည်း အလွန်ဖြူစင်ရိုးသားပြီး သူတစ်ပါးအပေါ် စေတနာအပြည့်နှင့် ကူညီပေးတတ်သည်။ တစ်ရွာလုံးက ဖိုးထောင်ကို ချစ်ကြသည်။ လိုအပ်လျှင် ခေါ်ခိုင်းတတ်သလို ပေးစရာကြွေးစရာရှိရင်လည်း ဖိုးထောင် အတွက် အားလုံးက စေတနာအပြည့်ရှိကြသည်။ တစ်နေ့တစ်နေ့ ထင်းခွဲ၊ ရေခတ်၊ နွား ကျောင်း အလုပ်တွေနဲ့ပင် ဖိုးထောင်ဘ၀ကို ဖြတ်သန်းလာခဲ့သည်မှာ ယခု လူပျိုအရွယ်ပင် ရောက်ခဲ့ပြီဖြစ်သည်။ မနှစ်က တစ်ရွာလုံး၏ကောင်းမှုအကြောင်းပြု၍ ဦးပဉ္ဇင်း ၀တ်ခဲ့ရလေ သည်။ ဖိုးထောင်သည် တစ်ရွာလုံးကို သူ့မွေးကျေးဇူးရှင်အဖြစ် စိတ်ဝယ်ရည်စူးကာ အမြဲ တမ်းအောက်မေ့လျှက်ရှိလေသည်။ နေ့စဉ်နှင့်အမျှ သူ့အတွက် စားဘို့သောက်ဘို့အပြင် အ၀တ်အစားကအစ ဘာမှပူပင်စရာမလို။ သူ၏အိပ်ယာကား ဆရာတော်ဦးခေမာ၏ ဘုန်းတော်ကြီးကျောင်းသာ ဖြစ်လေသည်။ ဆရာတော်၏ဝေယျာဝစ္စကို အများဆုံးလုပ် ပေးသူမှာလဲ ဖိုးထောင်ပင်ဖြစ်သည်။ ယခုအရွယ်အထိ ဆရာတော်၏ ဆုံးမသွန်သင်မှု အောက်မှာ ကြီးပြင်းလာသကဲ့သို့ ဆရာတော်ကလည်း ဖိုးထောင်၏ရိုးသားမှု၊ တစ် ဘက်သားအပေါ် စေတနာထားမှုတို့အတွက် ပီတိဖြစ်ရကာ အမြဲတမ်းသာဓုခေါ်လေ့ ရှိသည်။
တစ်နေ့ အပေါင်းအသင်းများ၏ စေတနာဇောဖြင့် တွန်းပင့်မှုကြောင့် ဖိုးထောင်တစ်ယောက် ရွာသူကြီး၏သမီးမကြင်လှကို လူပျိုစကားပြောမိလေသည်။ သူကိုယ်တိုင်ကလည်း မကြင်လှ ကို အရင်ကတည်းက ချစ်မိနေခဲ့သူဖြစ်သည်။ ဖိုးထောင်၏ရိုးသားသော စိတ်ထား ကိုသိ၍ စိတ်မဆိုးသော်လည်း ပြောဖန်များလာတော့ မကြင်လှအတွက် စဉ်းစားစရာ ဖြစ်လာသည်။ မကြင်လှသည် မြို့က သူဌေးတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ရန် လူကြီးချင်း သဘောတူပြီးသားဖြစ်သည်။ ဒါကို ဖိုးထောင်ကမသိ။ဖွင့်ပြောချင်သော်လည်း ဖိုးထောင်ကို သနားသောစိတ်နှင့်ပင် မပြောဖြစ်ခဲ့။ နောက်ဆုံးတော့ “ဘကြီးအောင် ထွင်းနေတဲ့ ယမင်းရုပ်လေး ကျွန်မကိုလက်ဆောင်ပေးရင် ကိုဖိုးထောင်ကိုပြန်ချစ်ပါ့မယ်” လို့ ဖိုးထောင်အား နှစ်သိမ့်စကားဆိုလိုက်လေသည်။ ဖိုးထောင်တစ်ယောက် အားရ၀မ်းသာနှင့် ဘကြီးအောင်ဆီသို့ အပြေးအလွှားသွားကာ “ဘကြီးအောင် ဒီယမင်းရုပ်လေး ကျုပ်ကိုပေး ပါလားဗျာ” လို့ တောင်းမိတယ်။ ဘကြီးအောင်ကလည်း ဖိုးထောင် ဘာကြောင့် လိုချင် မှန်းမသိပဲ “ဒီ ယမင်းရုပ်လေးက ရောင်းဘို့ ဖိုးထောင်ရ၊ ငွေ တစ်ကျပ်ခွဲရရင် ရောင်းမယ်” လို့ ရယ်ရယ်မောမောနှင့် ပြောလိုက်လေသည်။
ဒီလိုနဲ့ ဖိုးထောင်တစ်ယောက် ယမင်းရုပ်လေးကိုဝယ်ဘို့(မကြင်လှရဲ့ အဖြေစကားကို ကြားရဘို့) ပိုက်ဆံစုတော့သည်။ အရင်က ငွေဆိုတာ ဖိုးထောင်ဘာမှနားမလည်၊ တန်ဘိုး မထားတတ်ခဲ့သော်လည်း ယခုမူ တစ်ပဲ၊ တစ်ပြားကအစ သူ့အတွက် တန်းဘိုးရှိနေလေပြီ။ စိတ်ကူးတွေပင်လယ်ဝေပြီး မအိပ်နိုင်၊ မစားနိုင်နှင့် အလုပ်တွေသာ ဖိလုပ်နေသည်။ ထမင်းကြွေးရင်လဲမစား၊ အ၀တ်အစားပေးရင်လဲမယူပဲ လုပ်အားခအတွက် ပိုက်ဆံသာ တောင်းသည်။ “မိန်းမယူဘို့ ပိုက်ဆံတွေစုနေတာလား ဖိုးထောင်ရဲ့” ဟုမေးပြီး နောက် ပြောင်ကြသည့်အခါ “မဟုတ်ဘူး မဟုတ်ပါဘူး” ဟု အကြောက်အကန်ငြင်းတတ်သည်။ ရိုးသားပြီး အရှက်အကြောက်ကြီးသော ဖိုးထောင်အဘို့ ဘယ်သူဘာမေးမေး ဘာမှပြန် မပြောနိုင်ရှာ။ အရင်နဲ့မတူ အလွန်ပြောင်းလဲလာသော ဖိုးထောင်ကြည့်ပြီး တစ်ရွာလုံးက တအံ့တသြဖြစ်နေကြသည်။ “ဘကြီးထူးကို နွားကျောင်းပေးတဲ့နေ့က နှစ်ပြား၊ အရီးလေး ဒေါ်နုကို ထင်းခွဲပေးတဲ့နေ့က တစ်ပြား” စသည်ဖြင့် လက်ချောင်းကလေးများကို ချိုးကာ ချိုးကာ ပိုက်ဆံစာရင်းတွက်ရ၊ စစ်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်သည်။ သို့ဖြင့် တစ်ပြား တိုးလျှင် တစ်မျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ဖိုးထောင်၏စိတ်ကူးယဉ်အိမ်မက်တို့ အကောင်အထည်ပေါ်မည့် ငွေတစ်ကျပ်ခွဲ ပြည့်သောနေ့သို့ ရောက်ခဲ့လေသည်။
ဥပုဒ်နေ့ဖြစ်သဖြင့် ဘုန်းကြီးကျောင်းတွင်လဲ အလုပ်ရှုပ်နေသည်။ ဆရာတော်ကို လျှောက်တင်ဘို့ မ၀ံ့သဖြင့် ဝေယျာဝစ္စအားလုံးပြီးစီးအောင် လုပ်နေရသည်။ ဖိုးထောင်၏ စိတ်အာရုံတွင်မတော့ ယမင်းအရုပ်လေးနှင့် မကြင်လှမျက်နှာကိုသာ မြင်ယောင်လို့ နေလေသည်။ ဝေယျာဝစ္စအားလုံးပြီးစီးပြီဖြစ်လို့ “ရွာထဲကို ခဏလောက်သွား ချင်ပါတယ် ဘုရား” ဟု ဆရာတော်အားတင်လျှောက်ကာ ဖိုးထောင်တစ်ယောက် အားရ၀မ်းသာ နှင့်ပြေးအလာ ဘကြီးအောင်ရဲ့အိမ်သို့အရောက် မကြင်လှသည် မြို့ကသူဌေး၏ ဘယ်ဘက်လက်ကိုတွဲထားပြီး သူဌေး၏ညာဘက်လက်ထဲတွင်မတော့ ယမင်းရုပ်လေး။ ဖိုးထောင် ဘကြီးအောင်အနားသို့ပြေးသွားပြီး “ဘကြီးအောင် ကျုပ်ကို ငွေတစ်ကျပ်ခွဲ နဲ့ရောင်းမယ်ဆို၊ ကျုပ်ဝယ်မယ်လေ၊ ရော့ ဘကြီးအောင် ရော့” ဟု ပြောရင်း ငွေတစ်ကျပ် ခွဲကို အတင်းထိုးပေးလေသည်။ ဘကြီးအောင် ဘာမှပြန်မပြောနိုင်ရှာ။ “ကျုပ်ကိုရောင်း ပါဗျာ၊ ဒီ ယမင်းရုပ်လေးကိုရမှ မကြင်လှက ကျုပ်ကိုပြန်ချစ်မှာမို့ပါ ဘကြီးအောင်ရယ်” ဟု မျက်ရည်စက်လက်နှင့်ပြောလေတော့ ဘကြီးအောင်က ဖိုးထောင်ကို ဂရုဏာသက် စွာကြည့်ပြီး “ဟောဒီသူဌေးလေးကို ငွေတစ်ဆယ်နဲ့ရောင်းလိုက်ပြီ ဖိုးထောင်ရဲ့” ဟုပြော လိုက်လေသည်။ ဘကြီးအောင်ကိုကြည့်လိုက်၊ မကြင်လှဘက်ကိုလှည့်ကြည့်လိုက်နှင့် မျှော်လင့်ချက်တို့ဆုံးရှုံးပြီး ဆို့နင့်ကြေကွဲနေသော ဖိုးထောင်တစ်ယောက် စကားတစ်ခွန်း ပင်မဆိုနိုင်ရှာတော့။ မျက်ဝန်းအစုံမှ စီးကျလာသောမျက်ရည်တို့ကိုသုတ်ကာ “ဘကြီးအောင်ညာတယ်၊ မကြင်လှညာတယ်၊ ဘကြီးအောင်ညာတယ်၊ မကြင်လှ ညာတယ်” ဟုအော်ဟစ်ကာ ထွက်ပြေးသွားလေတော့သည်။
ယခုအခါတွင်ကား ထိုရွာကလေး၏အနောက်ဘက် နွားစားကျက်အနီး ထိန်ပင်ကြီး၏ တောင်ယွန်းရှိ သချိုင်းကုန်းတွင် အုတ်ဂူလေးတစ်လုံးကို တွေ့နိုင်ပါသည်။ အုတ်ဂူလှိုဏ်ဝ အင်္ဂတေတွင်သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟုစာတမ်းရေးထိုးထားပါသည်။
ကိုးကား။ ။ မင်းသုဝဏ်၏ “ဘကြီးအောင်ညာတယ်” ၀တ္ထုတို။
ဝန်ခံချက်။ ။၎င်းစာအုပ်အား ဘလော့တစ်ခုမှရယူပါသည်။ မမှတ်မိသောကြောင့် ဘလော့လိပ်စာဖော်ပြမပေးနိုင်ခြင်းအတွက် ဘလော့ပိုင်ရှင်အား တောင်းပန်အပ်ပါသည်။











