ကျောင်းကိုရောက်တယ်ဆိုရင်ပဲ ကလေးများ ကျနော့်ဆီပြေးလာကြပြီး “မင်္ဂလာပါ ဆရာ” ဟု သံပြိုင်ရွတ်ဆိုကာ ကြိုဆိုကြလေသည်။ မမေ့နိုင်သော ခံစားမှုလေးတစ်ခု ကျနော့်ရင်ထဲတွင် တိုး၍လာတော့သည်။ ကြိုဆိုနှုတ် ဆက်ပြီးသောအခါ ကျနော့် လွယ်အိတ်ကို ယူသူက ယူ၊ ကျနော့်ထမင်းချိုင့်ကို လက်ကမ်းသူက ကမ်း။ အမြဲ အမှတ်တရဖြစ်စေသည့် မြင်ကွင်းလေးတစ်ခု ပင်။ နေ့လည် ထမင်းစားချိန်တိုင်း ကလေးတွေနှင့်အတူ စားဖြစ်သည်။ “ဆရာ့ အတွက်..” ဟုဆိုကာ အိမ်က ထမင်း၊ ဟင်း အပိုယူလာသူကလည်း မနည်း။ နေ့လည်နေ့ ခင်း ထမင်းစားပြီးချိန်တွင် “ဆရာ အိပ်ချင်ပြေစားဘို့” ဟုဆိုကာ လဖက်သုတ်ကို တစ်နေ့ တစ်ယောက် ပုံမှန်ယူလာတတ်ကြ သေးသည်။ ကျနော့် ဥာဏ်ရှိသလောက် ၀ရိယစိုက်ထုတ်၍ သင်ကြားပေး ခဲ့သည်။ စာမလိုက်နိုင်သော ကလေးများကို တခြားသူများထက် ပို၍ ဂရုတစိုက် သင်ကြားပေးသည်။ စာမရသော ကျောင်းသား/သူများအား အပြစ်ပေးဆုံးမ သကဲ့သို့၊ စာတော်သူများကိုလည်း အမြဲ ဆုပေးတတ်သည်။ ညနေ ကျောင်းဆင်းခါနီးတိုင်း ပုံပြင်တစ်ပုဒ် အမြဲ ပြောလေ့ရှိသည်။
ကျနော် ကျောင်းပြန်တက်ရတော့မည်။ ကလေးတွေနှင့် ခွဲရတော့မည် ဟူသော အသိနှင့်အတူ ၀မ်းနည်းမှုတွေက တပွေ့တပိုက်။ ကျောင်းအုပ် ဆရာကြီးမှ နှုတ်ဆက်ပွဲကျင်းပပေးသည်။ ကလေးများကျနော့်ကို ကန်တော့ ကြသည်။ ကန်တော့ချိုး ဆုံးသည်နှင့်တစ်ပြိုင်နက် တရှုံ့ရှုံ့ငိုကြ လေသည်။ ခွဲရတော့မည့်အချိန်ကြမှ ဆရာနှင့်တပည့်တို့၏ ဖြတ်၍မရသော သံယောဇဉ် ကို ကျနော် ကောင်းကောင်း နားလည်ခဲ့လေသည်။ “မင်းတို့လေးတွေ အတွက် ဆရာ အမြဲတမ်း ရှိနေချင်ပါတယ်ကွယ်” ။ ခံစားမှုတွေကို မျိုသိပ် မထားနိုင်တော့တဲ့ ကျနော် အချိန်ဘယ်လောက် ကြာကြာ တွေဝေသွား သည်မသိ။ “ဆရာ.. ကလေးတွေ ကို ဆုံးမစကားလေး ပြောခဲ့ပါအုံး” ဟု ကျောင်းအုပ်ဆရာကြီးက သတိပေးမှ ဆွေးမြည့်နေသော စိတ်တို့ကို ပြန် လည်အားမွေးကာ ဆုံးမစကားပြောလိုက်သည်။ ပြောရင်းနှင့်ပင် ရင်ထဲက ခံစားချက်တို့က ဝေ့တက်လာသော မျက်ရည်များအဖြစ် သက်သေထူ နေကြလေသည်။ လက်ပြ နှုတ်ဆက်ရင်း ကလေးများနှင့် ကျနော် ခွဲခဲ့ ရလေပြီ။
3 ယောက်ရဲ့အမြင်