"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

မမေ့နိုင်သောကျောင်းကလေး  

စာရေးသူ >> အညာသား

(ဇာတ်သိမ်းပိုင်း)

ကျောင်းကိုရောက်တယ်ဆိုရင်ပဲ ကလေးများ ကျနော့်ဆီပြေးလာကြပြီး “မင်္ဂလာပါ ဆရာ” ဟု သံပြိုင်ရွတ်ဆိုကာ ကြိုဆိုကြလေသည်။ မမေ့နိုင်သော ခံစားမှုလေးတစ်ခု ကျနော့်ရင်ထဲတွင် တိုးလာတော့သည်။ ကြိုဆိုနှုတ် ဆက်ပြီးသောအခါ ကျနော့် လွယ်အိတ်ကို ယူသူက ယူ၊ ကျနော့်ထမင်းချိုင့်ကို လက်ကမ်းသူက ကမ်း။ အမြဲ အမှတ်တရဖြစ်စေသည့် မြင်ကွင်းလေးတစ်ခု ပင်။ နေ့လည် ထမင်းစားချိန်တိုင်း ကလေးတွေနှင့်အတူ စားဖြစ်သည်။ “ဆရာ့ အတွက်..” ဟုဆိုကာ အိမ်က ထမင်း၊ ဟင်း အပိုယူလာသူကလည်း မနည်း။ နေ့လည်နေ့ ခင်း ထမင်းစားပြီးချိန်တွင် “ဆရာ အိပ်ချင်ပြေစားဘို့” ဟုဆိုကာ လဖက်သုတ်ကို တစ်နေ့ တစ်ယောက် ပုံမှန်ယူလာတတ်ကြ သေးသည်။ ကျနော့် ဥာဏ်ရှိသလောက် ၀ရိယစိုက်ထုတ်သင်ကြားပေး ခဲ့သည်။ စာမလိုက်နိုင်သော ကလေးများကို တခြားသူများထက် ပို ဂရုတစိုက် သင်ကြားပေးသည်။ စာမရသော ကျောင်းသား/သူများအား အပြစ်ပေးဆုံးမ သကဲ့သို့၊ စာတော်သူများကိုလည်း အမြဲ ဆုပေးတတ်သည်။ ညနေ ကျောင်းဆင်းခါနီးတိုင်း ပုံပြင်တစ်ပုဒ် အမြဲ ပြောလေ့ရှိသည်။

တစ်နေ့ ….

ကျောင်းပျက်ရက် များယုံသာမက စာမေးလျှင်ကောင်းကောင်းမရ၊ အိမ်စာလဲ ပုံမှန်မလုပ်သော ကျောင်းသားလေး တစ်ယောက်ကို ကျနော်သတိထားမိ သည်။ ကျောင်းခေါ်ချိန်မပြည့်၊ စာမရသောကြောင့် စာမေးပွဲကျမှာလဲ စိုးရိမ် မိသည်။ စုံစမ်းကြည့်လိုက်တော့ ထိုကျောင်းသားလေးတွင် အဖေမရှိပေ။ မိခင်ဖြစ်သူကလည်း ပညာရေးကို အားကျသူမဟုတ်။ ဆက်လက်ဖြတ် သန်းရမည့် ဘ၀ခရီးရှည်ကြီး အတွက် “ပညာ” ဟူသော အသိဥာဏ်မရှိလျှင် လမ်းမှားသို့ ရောက်သွားနိုင်သော အဖမဲ့သားလေး ဘ၀အတွက် ရင်လေး မိသည်။ ကျောင်းအုပ်ဆရာကြီးနှင့်တိုင်ပင်ကာ “ပညာ” နှင့် အလှမ်းဝေး လှသော ထိုသားအမိဆီသို့သွားကလေးပညာရေးအတွက် လက်ခံ နားလည်အောင် ပြောဆိုရှင်းပြပြီးနောက် ထိုကျောင်းသားလေးအား ပညာ ရေးကို စိတ်ဝင်စားစေခဲ့သည်။ ထို့နောက်တွင် ၄င်းကျောင်း သားလေးသည် ကျောင်းတက်၊ စာဖတ်၊ စာကျက် ပုံမှန်ပြန်ဖြစ်လာတော့သည်။

ကျနော် ကျောင်းပြန်တက်ရတော့မည်။ ကလေးတွေနှင့် ခွဲရတော့မည် ဟူသော အသိနှင့်အတူ ၀မ်းနည်းမှုတွေက တပွေ့တပိုက်။ ကျောင်းအုပ် ဆရာကြီးမှ နှုတ်ဆက်ပွဲကျင်းပပေးသည်။ ကလေးများကျနော့်ကို ကန်တော့ ကြသည်။ ကန်တော့ချိုး ဆုံးသည်နှင့်တစ်ပြိုင်နက် တရှုံ့ရှုံ့ငိုကြ လေသည်။ ခွဲရတော့မည့်အချိန်ကြမှ ဆရာနှင့်တပည့်တို့၏ ဖြတ်မရသော သံယောဇဉ် ကို ကျနော် ကောင်းကောင်း နားလည်ခဲ့လေသည်။ “မင်းတို့လေးတွေ အတွက် ဆရာ အမြဲတမ်း ရှိနေချင်ပါတယ်ကွယ်” ။ ခံစားမှုတွေကို မျိုသိပ် မထားနိုင်တော့တဲ့ ကျနော် အချိန်ဘယ်လောက် ကြာကြာ တွေဝေသွား သည်မသိ။ “ဆရာ.. ကလေးတွေ ကို ဆုံးမစကားလေး ပြောခဲ့ပါအုံး” ဟု ကျောင်းအုပ်ဆရာကြီးက သတိပေးမှ ဆွေးမြည့်နေသော စိတ်တို့ကို ပြန် လည်အားမွေးကာ ဆုံးမစကားပြောလိုက်သည်။ ပြောရင်းနှင့်ပင် ရင်ထဲက ခံစားချက်တို့က ဝေ့တက်လာသော မျက်ရည်များအဖြစ် သက်သေထူ နေကြလေသည်။ လက်ပြ နှုတ်ဆက်ရင်း ကလေးများနှင့် ကျနော် ခွဲခဲ့ ရလေပြီ။

“ကျနော် ဘယ်တော့မှ မမေ့နိုင်ပါ။ အဖြူ၊ အစိမ်းမြင်လျှင် ကျောင်းသား ဘ၀ကိုသာမက တစ်ခဏသာ ကြုံတွေ့ခဲ့ရသော ကျောင်းသား၊ ကျောင်း သူလေးများနှင့် ကျောင်းဆရာဘ၀ကိုပါ ပြန်လည်တမ်းတ လွမ်းဆွတ် မိသည်။ ကျနော်တို့အားလုံး၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာ၊ ဆရာမ များကို ဆောင်းပါလေးနှင့် ရှိသုံးခါခိုး၊ ရိုကျိုးအပ်ပါသည်။”

This entry was posted on Wednesday, April 30, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

3 ယောက်ရဲ့အမြင်

နောင်တော် ဆရာ ယောက်ဖကြီးရေ။ ညီတော်လဲ ကျောင်းသားဘဝတုန်းက ရှုပ်ခဲ့တာတွေကို လွမ်းလာတယ် :P

Inn sayar gyi lar :P Kg tal set yae bar..

ဗိုလ်ဟိန်း ကောင်းသဗျ
အရေးအသားကလဲ ချောလ်ု့အဆင်ပြေတယ်
ပန်းပျိုးလက် ဘ၀ လေးက ချစ်စရာ ကောင်းတယ်
အဆင်ပြေပါစေဗျို့